Monday, February 6, 2012

* ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ *

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။
သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။
ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”

“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”

“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”

“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”

“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”

“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”

“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”

“မင်းအဘိုးအရင်ကော”

“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”

“ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊
မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊
ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့
“သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့
အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။

(ဂျပန် ဇင်ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။

ပုံပြင်လေးကတော့ ဒါပါပဲရှင်။

တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။

ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ....?
နေခွင့်ရတဲ့အချိန်လေးမှာ သင်ဘာတွေလုပ်သင့်လဲ....?


              

                                                                                              7.2.2012
                                                                                                MTLP

Friday, January 27, 2012

ပျော်ရွှင်စွာပြုံးနေတဲ့ ပန်းသီးပင်ကြီး

တစ်ခါတုန်းက ဥယျာဉ်ထဲမှာ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့ဖူးတယ် ။
ကောင်လေးတစ်ယောက်ဟာလည်း အဲဒီဥယျာဉ်ထဲက ပန်းသီးပင်ကြီးနားမှာ လာရောက်ဆော့ကစားလေ့ရှိတယ် ။

နေ့တိုင်းဆိုသလို .. အချိုဆုံးအရင့်မှည့်ဆုံးပန်းသီးတွေကိုခူးဆွတ်ပြီး ၊
အပင်ရိပ်အောက်မှာ အေးအေးဆေးဆေးထိုင်စားရတာကို ကောင်လေးက အရမ်းနှစ်သက်ခဲ့တယ်။

ပန်းသီးပင်ကြီးကို ကောင်လေးချစ်ခင်မြတ်နိုးသလိုပဲ ...
ပန်းသီးပင်ကြီးကလည်း ကောင်လေးကို ချစ်ခင်မြတ်နိုးခဲ့တယ် ။

ဒီလိုနဲ့ .... အချိန်တွေခပ်မြန်မြန်ကုန်သွားတယ် ။
ကောင်လေးအရွယ်ရောက်လာခဲ့ပြီ ။
အရင်လို ... ပန်းသီးပင်ကြီးဆီကို နေ့တိုင်းမလာဖြစ်နိုင်တော့ဘူး ။

တစ်နေ့မှာတော့... ... ပန်းသီးပင်အရိပ်အောက်ကို ကောင်လေးရောက်လာပြီး
ကြေကွဲတဲ့မျက်ဝန်းတွေနဲ့ အဝေးကို ငေးမျှော်နေတယ် ။

“ ငါနဲ့ကစားကြမယ်လေ .... ” ပန်းသီးပင်ကြီးက ကောင်လေးကိုဖိတ်ခေါ်တယ် ။
“ ကစားချင်စိတ်လည်း မရှိပါဘူးဗျာ။ အပင်တွေနဲ့ကစားရအောင် ကျနော်က ကလေးမှမဟုတ်တော့တာ။  ”
“ ကျနော် အရုပ်တွေနဲ့ပဲဆော့ချင်တာ ..... ။ 
  ဒါပေမဲ့ အရုပ်ဝယ်ဖို့က .. ပိုက်ဆံလိုတယ်လေ ။”

“ စိတ်မကောင်းပါဘူးကွယ် ။ ငါ့မှာ ပိုက်ဆံတော့မရှိဘူး ။
  ဒါပေမဲ့ ငါ့ဆီကအသီးတွေခူးပြီး ဈေးထဲမှာသွားရောင်းရင် မင်းပိုက်ဆံရမှာပေါ့ ။ "

  ကောင်လေးအရမ်းစိတ်လှုပ်ရှားသွားတယ် ။ သိပ်စဉ်းစားမနေတော့ပါဘူး ။
  အပင်ပေါ် လျင်လျင်မြန်မြန်တက်ပြီး ရှိသမျှအသီးတွေခူးဆွတ်လို့....  
  ခပ်မြန်မြန်ပဲ ပျော်ရွှင်စွာထွက်ခွာသွားတယ် ။  

  အသီးတွေကုန်စင်အောင် ခူးပြီးကတည်းက ကောင်လေးလည်း  
  ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့တယ် ။

  
  ပန်းသီးပင်ကြီးလည်း အဖော်မဲ့နေ့ရက်တွေကို ခါးခါးသီးသီးဖြတ်သန်းရတယ် ။

  တစ်နေ့ ... ဟိုးအဝေးဆီက တရွေ့ရွေ့နဲ့လာနေတဲ့ကောင်လေးကို တွေ့လိုက်ရတော့
  ပန်းသီးပင်ကြီး အရမ်းပျော်ရွှင်သွားတယ် ။

“ ငါနဲ့ကစားမလို့လား ? ” ခပ်တိုးတိုမေးတယ် ။
  ကောင်လေးက ပြန်ဖြေတယ် ။ “ ကစားဖို့ အချိန်မရှိပါဘူးဗျာ .. ။ 
  အခုဆို ကျနော့်ကိုယ်ပိုင်မိသားစုအတွက် အလုပ်လုပ်နေရပြီ ။
  ဒီနှစ်မိုးရာသီမှာ ကျနော့်ဇနီးနဲ့သားသမီးတွေနေဖို့အတွက် အိမ်တစ်လုံးလိုတယ်လေ ။
  ခင်ဗျားကျနော့်ကို ကူညီနိုင်ဦးမလားဗျာ ”

“ စိတ်မကောင်းပါဘူး ကလေးရယ် ၊ ငါ့မှာအိမ်မှမရှိတာ ... ။
  ဒါပေမဲ့ မင်းအတွက်တကယ်လိုအပ်ရင်တော့ .. ငါ့အကိုင်းအခက်အလက်တွေကိုခုတ်သွားလေ ။
  မင်းတို့တစ်မိသားစု နေစရာအိမ်လောက်တော့ ဆောက်လို့ရမှာပေါ့ ။ ”

  ထုံးစံအတိုင်းပဲပေါ့ ...... ။
  ကောင်လေးက သစ်ပင်မှာရှိသမျှအကိုင်းအခက်တွေအားလုံးခုတ်ယူပြီး ပျော်ရွှင်စွာထွက်ခွာသွားပြန်တယ်
  ကောင်လေးပျော်တာကို မြင်ရတော့ သစ်ပင်ကြီးလည်း စိတ်ချမ်းသာမိတယ် ။
  ဒါပေမဲ့ .... အဲဒီအချိန်ကစလို့..ကာလအတန်ကြာအောင် ကောင်လေး ထပ်မံပျောက်ကွယ် 
  သွားပြန်တော့တယ် ။    

  တစ်ခါတစ်ခါ လေတွေတိုက်တယ် ။ တစ်ခါတစ်ခါ မိုးက သည်းသည်းမည်းမည်းရွာတယ် ။
  ရာသီဥတုဒဏ်တွေကြားမှာ သစ်ပင်ကြီးကတော့    
  အထီးကျန်စွာပဲနေ့ရက်တွေကိုဆက်လက်ဖြတ်သန်းတယ်။
  နွေရာသီတစ်ရက် အိပ်ရာအနိုးမှာ ... သူ့ပင်စည်အောက် ကောင်လေးပြန်ရောက်နေတာမြင်ရတော့
  သစ်ပင်ကြီး အရမ်းဝမ်းသာသွားတယ် ။

“ ငါနဲ့ကစားမယ်လေ ”
“ ကစားချင်စိတ်မရှိပါဘူးဗျာ ။
  ကျနော်အခုဆို လောကဓံရဲ့အရိုက်အပုတ်တွေ ၊ ထိုးနှက်ချက်တွေကြောင့် အရမ်းပင်ပန်းနေပြီ ။
  စိတ်ရောကိုယ်ပါ အပန်းပြေနိုင်ဖို့အတွက် ပင်လယ်ထဲကို ရွက်လွှင့်ပြီးလျှောက်သွားချင်တယ် ။
  ခင်ဗျား ကျနော့်ကို လှေတစ်စင်းလောက်ပေးနိုင်ဦးမလားဗျာ ။ ”

“ ငါ့ရဲ့ပင်စည်ကိုခုတ်ပြီး လှေတစ်စင်းလုပ်လိုက်လေ ။
  ဒါဆို ဟိုးအဝေးကြီးအထိ ပျော်ရွှင်စွာ ခရီးထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ”

  ဒီလိုနဲ့ပဲ .. ကောင်လေးဟာ သစ်ပင်ကြီးကို စတင်ခုတ်လှဲပြီး လှေတစ်စင်းဖြစ်အောင်တည်ဆောက်ခဲ့တယ်
  နောက်တော့ အဲဒီလှေနဲ့ပဲ ပင်လယ်ပြင်ထဲကိုရွက်လွှင့်ထွက်ခွာသွားတော့တယ် ။

  နှစ်တွေအများကြီး...အများကြီး ကြာပြီးတဲ့အခါမှာတော့.....
  သစ်ပင်ကြီးဆီကို ကောင်လေး တစ်ခေါက်ရောက်လာပြန်တယ် ။

“ ၀မ်းနည်းပါတယ် လူကလေးရယ် .... ၊ ငါ့မှာ မင်းကိုပေးစရာ ဘာဆိုဘာတစ်ခုမှမကျန်တော့ဘူးကွဲ့ ။
  ငယ်ငယ်က မင်းသိပ်ကြိုက်တတ်တဲ့ပန်းသီးလေးတစ်လုံးတောင် မင်းကိုမပေးနိုင်တော့တဲ့ဘ၀ပါကွယ် ”

“ ကျနော့်မှာလည်း ပန်းသီးတွေကို အားရပါးရကိုက်စားနိုင်ဖို့ သွားတွေမရှိတော့ပါဘူးဗျာ”
  ကောင်လေးကလည်း ၀မ်းနည်းစွာပြန်ပြောတယ် ။

“ ငယ်ငယ်ကလို ငါ့ပေါ်ကိုဖက်တွယ်တက်နိုင်ဖို့အတွက် ပင်စည်ကြီးလည်းမရှိတော့ဘူးနော် ”
“ အပင်တက်ဖို့အတွက်လည်း ကျနော်က သိပ်ကိုအိုမင်းနေခဲ့ပါပြီဗျာ ”
  ကောင်လေးက  ၀မ်းနည်းစွာပြန်ပြောတယ် ။

“ တကယ့်ကို ဘာတစ်ခုမှမပေးနိုင်တော့တဲ့ဘ၀ပါလားကွယ် ။
  င့ါမှာအခုကျန်တာဆိုလို့ ... သေနေတဲ့အမြစ်ခြောက်တွေပဲရှိတော့တယ်လေ ။
  စိတ်မကောင်းပါဘူး လူကလေးရယ် ... ” ... ပန်းသီးပင်ကြီးက မျက်ရည်တွေနဲ့ပြောတယ် ။

“ ကျနော်အခု အများကြီးမလိုတော့ပါဘူးဗျာ ။ အခုကျနော်တကယ်လိုအပ်တာက ....
  အေးအေးဆေးဆေးအနားယူလို့ရနိုင်မယ့်နေရာလေးတစ်ခုပါ ။
  ဒီနှစ်တွေအတွင်းမှာ ... လုံးဝကို ပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတယ်လေ ။ ”

“ ကောင်းပါပြီလူကလေးရယ် .... ဒါဆို ငါ့ရဲ့အမြစ်တွေအပေါ်မှာ မင်းသက်သောင့်သက်သာအနားယူလေ ။
  သစ်ပင်တစ်ပင်ရဲ့ သေနေတဲ့အမြစ်အိုတွေဟာ .... 
  ပင်ပန်းလာတဲ့သူတွေအတွက် အကောင်းဆုံးနေရာလို့ငါထင်တယ်                         
  လာ .... လာ ..... ငါ့အမြစ်ခြောက်တွေအပေါ်မှာ လဲလျောင်းအနားယူလိုက်ပါဦးကွယ် ။ ”

  ကောင်လေးက .... စိတ်အာရုံတွေအားလုံးဖြေလျှော့ပြီး ထိုင်ချလိုက်တယ် ။
  အရိပ်အာဝါသမရှိတော့ပေမယ့် ... ထူးဆန်းတဲ့အေးချမ်းမှုတစ်မျိုးက...သူ့ခန္ဓာကိုယ်တစ်ခုလုံးကို
  လွှမ်းခြုံသွားတယ်လို့ ကောင်လေးခံစားမိလိုက်တယ် ။

ပျော်ရွှင်စွာပြုံးနေတဲ့ ပန်းသီးပင်ကြီးရဲ့မျက်ဝန်းထဲမှာလည်း ..... မျက်ရည်စတွေ ခိုတွဲလို့ပေါ့ ....


    
ဒီပုံပြင်လေးဟာ ကျွန်မတို့တွေအားလုံးကို ရည်ရွယ်ပါတယ် ။ ပန်းသီးပင်ဆိုတာကတော့ မိဘတွေပေါ့ ။
ငယ်ငယ်တုန်းကတော့ .... မေမေ ဖေဖေတို့နဲ့ကစားဖို့ ...ကျွန်မတို့အရမ်းကိုပျော်ရွှင်ခဲ့ကြတယ် ။
ဒါပေမဲ့ အရွယ်လေးနည်းနည်းရောက်လာတာနဲ့ ပုံပြင်ထဲကကောင်လေးလို ... 
မိဘတွေကို ချန်ထားခဲ့ကြတာပဲလေ ။
တစ်ခါ တစ်ခါ ... အခက်အခဲကြုံတာပဲဖြစ်ဖြစ် ၊ လိုအပ်တာပဲဖြစ်ဖြစ်ရှိတော့မှသာ မိဘရဲ့ရင်ခွင်ကို သတိတရနဲ့ တမ်းတမိခဲ့ကြတယ်လေ ။ ဘာပဲဖြစ်ဖြစ်ပါ.... ။
ကျနော်တို့ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့.... မိဘတွေဟာ ပုံပြင်ထဲကပန်းသီးပင်ကြီးလို...သူတို့ပိုင်ဆိုင်သမျှအရာအားလုံးကိုပေးဆပ်ဖို့ အမြဲအဆင်သင့်စောင့်မျှော်နေခဲ့ကြတယ် ။

ပုံပြင်ထဲကကောင်လေးက သစ်ပင်ကြီးအပေါ်အရမ်းရက်စက်တာပဲလို့ ထင်ချင်ထင်နေလိမ့်မယ် ။
ဒါပေမဲ့ .. တကယ်တော့ ... အဲဒီလိုရက်စက်မှုမျိုးဟာ  
မိဘတွေကို ကျနော်တို့ကျူးလွန်မိတဲ့အမှားမျိုးဆိုတာ .........
အားလုံး သတိရနားလည်နိုင်ကြပါစေ ... ။

မိဘတွေကို ချစ်ခင်မြတ်နိုးပါ ၊ တန်ဖိုးထားပါ ၊ ရိုသေလေးစား စောင့်ရှောက်ပါ ။
သူတို့ဘယ်နေရာမှာရှိနေပါစေ ...
ညအိပ်ရာဝင်တိုင်း တစ်ခါလောက်ဖြစ်ဖြစ်တော့ သတိတရနဲ့ ကန်တော့ဦးချပြီးမှ 
အိပ်ဖြစ်အောင် ကြိုးစားကြပါ လို့ ...


                                                                                                                                                                                        28.1.2012
                                                                                           MTLP

Tuesday, January 17, 2012

နားလည်မှု




နေရာတကာတွင် ငါသာသိ၊ ငါသာတတ် ငါ တကော ကောနေတတ်သူတို့သည် မိမိကိုယ်ကိုယ် နားမလည်သူများ ဖြစ်ကြသည်. . . ထိုသူတို့သည် သူတစ်ပါးအပေါ် နားလည်နိုင်ရန်ခဲယဉ်းလှသည်. . . အရာရာတွင် ကိုယ်နှင့် နှိုင်းပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြသည်. . .

စင်စစ်မှု နားလည်မှုသည်. . မိမိကိုယ်တိုင် အရင် ကျင့်သုံး လိုက်နာရမည့်. . . လူမှုရေး ကျင့်စဉ်တစ်ခုသာ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် နားလည်မှသာ မိမိအပေါင်းအသင်း ၊ မိမိပတ်ဝန်းကျင်အပေါ်နားလည် နိုင်သောကြောင့် ဖြစ်သည်. . . ထို့ကြောင့် သူတစ်ပါးကို နားလည်လိုလျှင် ၊ နားလည်မှုကို ပေးလိုလျှင် မိမိကိုယ်ကို နားလည်အောင် အရင်လုပ်ရမည်ဖြစ်သည်..

ပေါင်းသင်းဆက်ဆံရေးနှင့် မကင်းသောသူသည်. . လူအချင်းချင်း ပြေလည်ချောမွေ့စွာ ပေါင်းသင်းနေထိုင်ရန် အရေးကြီးလှသည်. . တစ်ဦးသဘောကို တစ်ဦး သိမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့ဖွယ် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် လိုအပ်သည် . . . ထိုအခါ တစ်ဦးအပေါ်တစ်ဦး နားလည်မှုသည်. . မရှိမဖြစ် အရေးတကြီး လိုအပ်လာသည်. . .

ပေါင်းသင်းဆက်ဆံရေး ရှိသောလူသည် မိမိကိုယ်ကိုယ် နားလည်ထားရုံမျှနှင့် မပြီးသေးပါ. . ပတ်ဝန်းကျင်ရှိ မိမိဘ၀ခရီးဖော် အခြားလူများအပေါ် နားလည်အောင် လုပ်ရမည့် တာဝန်သည်. . . ယဉ်ကျေးသော လူသားတစ်ဦး၏မွေးရာပါ ဘ၀ပေးတာဝန်ဖြစ်သည်. . . သို့မှသာ မိမိအမြင်၊ မိမိသဘောနှင့် အခြားလူများ၏ အမြင်သဘောကို နှိုင်းချိန်ဆက်စပ်ကာ အများအကျိုး၊ လူ့လောက အကျိုးကို အောင်မြင်စွာ သယ်ပိုး ဆောင်ရွက်ကြမည်ဖြစ်သည်. . . .

အများအပေါ် နားလည်မှုရရှိနိုင်ရန် အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်ပါသည်. .

၁. မိမိကိုယ်ကို ဝေဖန်၍ နားလည်သဘောပေါက်အောင် လေ့လာခြင်း။

၂. မိမိနှင့် ထိတွေ့ဆက်ဆံနေရသူတို့အပေါ် စိစစ်လေ့လာခြင်း။

၃. ကိုယ်ချင်းစာနာစိတ် မွေးမြူခြင်း၊

၎ အကောင်းမြင် ၊ အပြုသဘောကို ဆောင်ထားခြင်း။

တို့ဖြစ်ပါသည်. . .

ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုယ် နားလည်အောင် ပထမဦးစွာ လေ့လာဆန်းစစ်ပြီး အခြားလူများ အပေါ်တွင် နားလည်သဘောပေါက်ရန် အားထုတ်သင့်ပါသည်. .

ဦးဝမ်ထိန်
                                                                                                AKMT (17.1.2012)

ကျင့်ဖွယ်တရား(၄) ပါး

ရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့သည့် နိကာယ်ငါးရပ် ပီဋကတ်သုံးပုံကို အကျဉ်းချုပ်လိုက်သော် ကျင့်ဖွယ်ရာတရားလေးပါး နိဓိကဏ္ဍသုတ္တန်လာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဟူသော ကုသိုလ်တရားလေးပါးကို ရပါသည်။

မှန်ပါသည်၊ ရှင်တော်မြတ်ဘုရားသည် နိကာယ်ငါးရပ် ပီဋကတ်သုံးပုံ၌ ယင်းလေးမျိုးတို့၏ အကြောင်းကို အနည်းနည်း အဖုံဖုံ အကျဉ်းတစ်မျိုး အကျယ်တဖုံ စုံလင်စွာ တန်ဆာဆင်၍ ဟောကြားခဲ့ပါသည်။

အများမှ အနည်းသို့ 

ယင်း ကုသိုလ် (၄)မျိုးတို့တွင် ဒါနကုသိုလ်သည် ပြုဖို့ရာ အလွယ်ကူ ဆုံးဖြစ်ပါသည်။
မှန်ပါသည်၊ ဒါနကုသိုလ်ကို ကလေးအငယ် လူမမယ်များမှစ၍ ပြုကြပါသည်။ ပြုတက်ကြပါသည်။
အရွယ် အလယ်အလတ်နှင့် ကြီးသူများအဖို့မူ အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ပြုတက်ကြသည်ချည်းဖြစ်ပါသည်။ ပြုကြသည်ချည်း ဖြစ်ပါသည်။
ဒါနကုသိုလ်မှ တစ်ဆင့်တက်၍ သီလကုသိုလ်အောက် အတော်များများနည်းပါးသွားပါသည်။
သမထကုသိုလ်မှ တစ်ဆင့်တက်၍ ၀ိပဿနာကုသိုလ်ကို ပွားများသူ ဦးရေကား သမထကုသိုလ်အောက် အတော်များများ နည်းပါသွားပြန်သည်။

မြင့်လေ နည်းလေ

လောကဥပမာနှင့် ပြောရသောမူလတန်းအဆင့် ကျောင်းသူကျောင်းသားဦးရေသည် များပါသည်။
ထို့နောက် အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။
ထို့နောက် အထက်တန်းအဆင့်အထိ ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။
ထို့နောက် တက္ကသိုလ် ကောလိပ် အဆင့်ဖြစ်သော ကျောင်းသူကျောင်းသား ဦးရေကား နည်းပါးသွားပါသည်။

ယင်းကို ထောက်သော် များတဲ့နေရာတွင် အရည်အချင်းညံ့ဖျင်းသူ ဦးရေများခြင်းကိုတွေ့ရ၍ အဆင့်အဆင့် နည်းသွားသည့်အလျောက် အရည်အချင်းလည်း မြင့်လာတာကိုတွေ့ရပါသည်။

တက္ကသိုလ်အဆင့် ကောလိပ်အဆင့် ရောက်လာသူသည် အောက်အဆင့်များကို ကျော်ခဲ့ပြီဖြစ်၍ အရည်အချင်းပြည့်ပြီး အောက်အဆင့်များကို မူစရာ ရှုစရာ မလိုတော့သလို ကုသိုလ် (၄) မျိုးတို့တွင် ၀ိပဿနာကုသိုလ်အဆင့်အထိ ရောက်ပြီးသူသည်
အောက်ဆင့်ဖြစ်သော ဒါန၊ သီလ၊ သမထမှုတို့ကို မမှုတော့ပါ၊ အလွယ်သာ ပြုနိုင်ပါသည်။

နှိုင်းယှဉ်ပြ

ကုသိုလ် (၄)မျိုးကို အတန်းပညာနှင့် နှိုင်းယှဉ်ပြက ဒါနကုသိုလ်သည် မူလတန်းပညာနှင့်တူ၏။
သီလကုသိုလ်သည် အလယ်တန်းပညာနှင့်တူ၏။ သမထကုသိုလ်သည် အထက်တန်းပညာနှင့်တူ၏။ ၀ိပဿနာကုသိုလ်သည် တက္ကသိုလ်ကောလိပ်ပညာနှင့် တူ၏။

အများမှ အနည်း၊ အနည်းမှအများ။ ။ ကုသိုလ် (၄)မျိုးကို ပြုလုပ်သူတို့သည် ဦးရေအများမှ အနည်းသို့
လျှော့သွားသော်လည်း ယင်းကုသိုလ်တို့၏ အကျိုးမှာမူ အနည်းမှအများသို့ တိုးတက်သွားပါသည်။ မှန်ပါသည်။ ဒါနကုသိုလ်အကျိုးထက် သီလကုသိုလ်အကျိုးက သာလွန်မြင့်မြတ်ပါသည်။ သီလကုသိုလ်အကျိုးထက် သမထကုသိုလ်အကျိုးက သာလွန်မြင့်မြတ်ပါသည်။ သမထကုလိုလ် အကျိုးထက် ၀ိပဿနာကုသိုလ်အကျိုးက သာလွန်မြင့်မြတ်ပါသည်။

မည်သူ့ကိုမဆို " အသင့်ကို ဟောဒီမှာ ပထမတန်းစားပစ္စည်း၊ ဒုတိယတန်းစားပစ္စည်း၊ တတိယတန်းစားပစ္စည်း၊ စတုတ္ထတန်းစားပစ္စည်းရယ်လို့ ပစ္စည်းလေးမျိုးရှိသည့် အနက် တစ်မျိုးပဲ ပေးမယ်၊ အဲဒီ(၄) မျိုးထဲက အသင့်ကြိုက်တဲ့ တစ်မျိုးကို ရွေးယူပါ"ဆိုလျှင် ပထမတန်းပစ္စည်းကို ရွေးယူမှာသေချာပါသည်။

ကုသိုလ် (၄)မျိုးတို့တွင် ဒါနကုသိုလ်သည် စတုတ္တတန်းစားပစ္စည်းနှင့် တူပါသည်။
သီလကုသိုလ်သည် တတိယတန်းစား ပစ္စည်းနှင့် တူပါသည်။
သမထကုသိုလ်သည် ဒုတိယတန်းစားပစ္စည်းနှင့်တူပါသည်။ ၀ိပဿနာကုသိုလ်သည် ပထမတန်းစားပစ္စည်းနှင့် တူပါသည်။

(၁၀)ရက်စခန်းကုသိုလ်

ကုသိုလ် (၄)မျိုးတွင် (၁၀) ရက်စခန်း တရားပွဲရဲ့ အဓိက ပဓာနကုသိုလ်သည် ၀ိပဿနာကုသိုလ် ဖြစ်ပါသည်။
ဝိပဿနာကုသိုလ် ကုသိုလ် (၄)မျိုးတို့တွင် အမြတ်ဆုံးကုသိုလ် ဖြစ်ပါသည်။
အမြတ်ဆုံး ၀ိပဿနာကုသိုလ် ပြုပွဲ၌ လူဦးရေသည် နည်းလှပါသည်။
ယင်းကိုထောက်သော် အမြတ်စား၊ အကောင်းစားသည် လူတိုင်းနှင့်မတန်၊
လူတိုင်းမရယူနိုင်သော ကုသိုလ်ဟု သိနိုင်ပါသည်။

မှန်ပါသည်၊ ဤလောက၌ ရတနာအများရှိရာ၊ တန်းဖိုးကြီးလှသော " စိန်၊ ပတ္တမြား၊ နီလာ၊ မြ " ဆိုတဲ့ အဖိုးတန်ရတနာများကို လူတိုင်း မဆင်မြန်းနိုင်၊ မသုံးစွဲနိုင်ကြပါ။
လောကီရေးအနေနှင့် ပစ္စည်းအထက်တန်းရှိသူများမှသာ သုံးစွဲနိုင် ပန်ဆင်နိုင်ကြပါသည်။

ထို့အတူပင် ကုသိုလ်ကို သူတော်ကောင်းဥစ္စာရတနာ ပေါကြွယ်ဝသော သူတော်သူမြတ်တို့သည်သာလျှင် ကျင့်ကြံကြိုးကုတ် အားထုတ်သောအားဖြင့်ပန်ဆင်နိုင်ကြပါသည်။ သုံးဆောင်နိုင်ကြပါသည်။ သူတော်ကောင်း ဥစ္စာရတနာအဆင့်အတန်းနည်းပါးသူများ မပန်ဆင် မသုံးဆောင်နိုင်ကြပါ။ ။

စာဖတ်သူတို့ရော ပထမတန်းစားအလှူ ၊ ဒုတိယတန်းစားအလှူ ၊ တတိယတန်းစားအလှူ ၊ စတုတ္ထတန်းစားအလှူ ရယ်လို့ အလှူလေးမျိုးရှိသည့် အနက် မည်သည့်အလှူကို ပြုပြီးကြပီလော။


ဓမ္မဒူတ - အရှင်ပညာဇောတ
မီးကျီးတွင်းမှ ပွင့်သောကြာ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။
၁၇.၁.၂၀၁၂

Sunday, January 15, 2012

သင်တို့မှာ မိဘတွေ ရှိနေကြသေးရင်...

တစ်ရက်..... မီးဖိုချောင်ဟာအရင်လို မသန့်ရှင်းတော့ရင်...
တစ်ရက်..... ပန်းကန်ဆေးတာမပြောင်တော့ရင်...
တစ်ရက်..... အိုးခွက်တွေစာ အရင်လိုမတောက်ပြောင်တော့ရင်..
တစ်ရက်..... ကြမ်းပြင်နဲ့စင်တွေမှာ ဖုန်တွေထူနေရင်...
တစ်ရက်..... ဟင်းတွေငန်လာရင်...
တစ်ရက်..... အရာရာကိုမေ့လွယ်လာရင်...
တစ်ရက်..... အလေ့အထတွေဟာ ပျက်ပြယ်ကုန်ရင်...
တစ်ရက်..... ဆန်ပြုတ်စားရတာကို ကြိုက်လာရင်...
တစ်ရက်..... သူတို့အပြင်မထွက်တော့ရင်...
တစ်ရက်..... အသွားအရာအရမ်းနှေးကွေးလာရင်...
သူတို့က အအေးမိရုံလောက်ပဲလို့ ပြောပါလိမ့်မယ်.. တကယ်တော့ အဲဒါဟာ အိုလာတာပါ...

သူတို့တကယ်အိုလာပါပြီ။
သားသမီးတွေရဲ့ ပြုစုမှုကို လိုလားတဲ့အချိန်ပါ...
သူတို့ကိုအချိန်ပေးပါ...
စိတ်ရှည်ပါ သည်းခံပါ...
သူတို့ဘာလုပ်လုပ်အရင်လိုမဟုတ်တော့ဘူး၊
သူတို့ရဲ့အိပ်ယာတွေကိုလဲပေးပါ၊ သူတို့ဒါတွေကို သတိထားမိတော့မှာမဟုတ်တော့ဘူး၊
သူတို့ ဘုရားရှိခိုးဖို့အတွက် ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ဘုရားပန်း စသည်တို့ကို ပြင်ဆင်ပေးပါ၊
မိဘဆိုတဲ့ ဂုဏ်အတိုင်း တင့်တယ်အောင်ထားပါ...
ရေချိုးပေးပါ၊ ခြေသည်း လက်သည်းတွေကို ညက်ပေးပါ၊
သူတို့ရဲ့ နေ့တိုင်းစီးဖိနပ်တွေကို ဆေးကြောပေးဖို့မမေ့ပါနဲ၊
သူတို့ရဲ့ မျက်နှာသုတ်ပုဝါလေးတွေကို သန့်စင်အောင်လျှော်ဖွတ်ပေးပါ၊
သူတို့ရဲ့ အ၀တ်အစားတွေကို လျှော်ဖွတ်ပေးပါ၊
သူတို့ကိုသန့်စင်အောင်အမြဲထားပါ၊ ဒါတွေကို သူတို့မလုပ်နိုင်တော့ပါဘူး၊
သူတို့တွေ စားလို့ရတဲ့ အစားအာတွေချက်ထားပေးဖို့မမေ့ပါနဲ၊
သူတို့နဲ့ စကားပြော(အဖော်ပြု) ပေးနိုင်အောင်  အမြဲကြိုးစားပါ၊
သူတို့တွေရဲ့ ဆွေမျိုး၊ မိတ်ဆွေတွေကို အိမ်ကိုအလည်လာဖို့ ဖိတ်ခေါ်ပေးပါ
သူတို့တွေက အသက်ကြီးလာတဲ့အတွက်ကြောင့် သူတို့နဲ စကားပြောပေးမဲ့  ဆွေမျိုး၊ မိတ်ဆွေတွေကို လိုချင်တယ်၊
သူတို့စိတ်ကို ပျော်ရွှင်အောင် အမြဲထားနိုင်ဖို့ကြိုးစားပါ၊

ကိုယ်က အဝေးတစ်နေရာမှာ အလုပ်နဲ ရောက်နေခဲ့ရင်တောင်
ဖုန်းလေးနဲ  ဟဲလို အဖေ/ အမေ နေကောင်းလား၊
သား/သမီး သတိယလို့ဖုန်းဆက်လိုက်တာပါဆိုရင်...
သူတို့တွေ အရမ်းပျော်နေတက်ပါတယ်...
ကိုယ်ကလည်း သူတို့ မျက်စိကွယ်ရာ နားကွယ်ရာမှာနေတယ်ဆိုပြီး အမှားတွေ ၊လုပ်ချင်ရာတွေ မလုပ်မိပါစေနဲ
သူတို့နဲ အနီးမှာ မပြုစုနိုင်ပေမဲ့ သူတို့အတွက် စိတ်ချမ်းသာအောင် လိမ်လိမ်မာမာနေပေးပါ၊

မွေးကင်းစကတည်းက မိဘတွေလုပ်ပေးနေတဲ့ အရားအားလုံးကိုမေ့မပစ်ပါနဲ၊
လမ်းလျှောက်တာတွေ၊ စာရေးတာတွေ၊ အစစအရာအရာ အခြေခံကနေ သင်ပေးခဲ့တယ်၊
သူတို့တကယ် ဘာမှ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်ပြန်လုပ်ပေးရမဲ့အလှည့်ပါ၊
အားလုံးမှတ်ထားကြပါ... မိဘတွေဟာ ကိုယ့်ရဲ့ ပုံရိပ်တွေပါ၊
အားလုံးလည်း တစ်နေ့ အိုလာကြမှာပါ၊

အိုတဲ့အချိန်မှာ ဘယ်လိုနေထိုင်ချင်တယ်ဆိုတာ စဉ်းစားထားလား၊
အခုလို လူလွတ်ဖြစ်နေတဲ့အချိန်မှာတောင် သင့်မိဘကို ဂရုစိုက်ဖူးလား၊
သင့်မိဘကကော သင့်ကို ဘယ်အချိန်ထိ စောင့်နေနိုင်ဦးမှာလဲ၊





မိဘနှစ်ပါးကို စိတ်ချမ်းသာအောင် ထားနိုင်သော...
မိဘကျေးဇူးဆပ်နိုင်သော သားကောင်း သမီးကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြုလျှက်...

AKMTLP